တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ထားဝယ်မြို့၊ ယာယီကယ်ဆယ်ရေးစခန်းများ တွင် ခေတ္တခိုလှုံနေကြရသော ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ထားဝယ်မြို့၊ ယာယီကယ်ဆယ်ရေးစခန်းများ တွင် ခေတ္တခိုလှုံနေကြရသော ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး

ထားဝယ်         စက်တင်ဘာ ၂၈


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်တိုင်းဒေသကြီးအတွင်းဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုအစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ထားဝယ်မြို့ရှိအဓိက ချောင်းကြီး များ ဖြစ်သော ဘုမ္မော်ချောင်း၊ မြောင်းပုလဲချောင်း၊ ရွှေဂူချောင်း၊ ဘော်ဦးချောင်း၊ ဆန်းချီချောင်းတို့မှ ထားဝယ်မြစ်အတွင်းသို့ ရေစီးရေလာကောင်းမွန်စေရန် စက်ယန္တရားများဖြင့် တူးဖော်ခြင်း၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ ကမြောကင်းမြောင်း၊ အမှတ်(၈)လမ်းဘေးရေမြောင်းနှင့်အမှတ်(၁၀)လမ်းဘေးရေမြောင်း တို့မှ ထားဝယ်မြစ်အတွင်း သို့ရေစီးရေလာကောင်းမွန်စေရန် စက်ယန္တရားများဖြင့် တူးဖော်ခြင်းများဆောင်ရွက်ထားရှိ မှုကြောင့် ထားဝယ်မြို့ အတွင်းရေစီးရေလာကောင်းမွန်မှုရှိသော်လည်း တော်သလင်းလပြည့်ကျော်(၂)ရက် မြစ်ရေပြည့်အချိန်နှင့် ထားဝယ် ခရိုင်အတွင်းမိုးသည်းထန်စွာစံချိန်တင်ရွာသွန်းမှု တို့တိုက်ဆိုင်၍ ထားဝယ်မြစ်ရေမြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပါသည်။


တနင်္သာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်း လွဲပိုင်းတွင် ထားဝယ် မြို့၊ မတ္တရာဘုန်းတော်ကြီးကျောင်း နှင့် ဇမ္ဗူထိန်လင်းဘုန်းတော်ကြီးကျောင်းရှိ ယာယီကယ်ဆယ်ရေးစခန်း များတွင် ခေတ္တခိုလှုံနေကြရသောပြည်သူများကိုရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ မြို့အတွင်းရေဝင်ရောက်နေမှုအခြေ အနေ များ ကိုလိုက်လံကြည့်ရှုစစ်ဆေးသည်။


ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများသည် ကျောင်းတိုက်များရှိကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းသည်။ 


ဆက်လက်၍ဝန်ကြီးချုပ် က ကျောင်းတိုက်အတွင်းဖွင့်လှစ်ထားသည့်ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ချောင်းရေ မြင့်တက်နေမှုကြောင့်ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိေသာ ရေဝင်ရောက်သည့်နေအိမ်များမှ ပြည်သူများ နှင့်တွေ့ဆုံပြီးရင်းရင်းနှီးနှီးနှုတ်ဆက်ကာအာဟာရ ဖြည့်မုန့်များ၊ အချိုရည်များ၊ ရေသန့်ဘူးများကို တစ်ဦးချင်း လိုက်လံ ဝေငှပေး သည်။


ထို့နောက်ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါကပြည်သူများ အတွက် လိုအပ်သည်များ ကူညီပေးနိုင်ရန် ကြိုတင်စီမံထားရှိပါကြောင်း၊   ရေဘေးသင့်ပြည်သူများ လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတွက်အခြေခံစားသောက်ကုန်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊  မိမိတို့ ဒေသတွင် ပြန်လည်အခြေချနေထိုင်နိုင်ရန် လိုအပ်သည်များကို လည်း  ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး  ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသည့်ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ကြက်ဥ၊ ၊မားမားခေါက်ဆွဲ၊ ငါးသေတ္တာ ရေသန်ဘူးစသည့်စားသောက်ကုန်(၆)မျိုး အားတစ်ပတ်စာထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ဝန်ကြီးချုပ်ကအနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေဝင်ရောက်နေမှု အခြေအနေများအား လှည့်လည် ကြည့်ရှု စစ်ဆေးပြီး ရေပြန်လည်ကျဆင်းနိုင်ရေးဆောင်ရွက်ရန်ရှိသည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

နောက်ဆုံးရ သတင်း