ထားဝယ် စက်တင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှု မိုးရေချိန် လက်မ ၁၃.၆၂ လက်မရှိပြီး ထားဝယ်မြို့၌ နှစ်(၈၀)အတွင်း စက်တင်ဘာလ မိုးရွာသွန်းမှု မိုးရေချိန် စံချိန်တင်ခဲ့ကြောင်း နှင့် တော်သလင်း လပြည့်ကျော် ဒီရေ တက်သည့်အချိန်နှင့် တိုက်ဆိုင်သည့်အတွက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးရုံလမ်းရှိ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၆၇)ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊ ကညုံရပ်ကွက်မှ အိမ်ထောင်စု(၃၅)စု၊ လူဦးရေ (၁၇၀)ဦးအား ပုထိုးကျောင်းတိုက်တွင် လည်းကောင်း၊ ကညုံရပ်ကွက်မှ အိမ်ထောင်စု (၂၀)စု၊ လူဦးရေ(၁၀၀)ဦးအား မတ္တရာကျောင်းတိုက်တွင် လည်းကောင်း၊ ကညုံ ရပ်ကွက်မှ အိမ်ထောင်စု (၂၀)စု၊ လူဦးရေ(၁၁၀)ဦးအား ဇမ္ဗူထိန်လင်း ကျောင်းတိုက်တွင် လည်းကောင်း၊ ဘုမ္မော်ရပ်ကွက်မှ အိမ်ထောင်စု(၁၇)စု၊ လူဦးရေ(၈၆)ဦးအား မိုးကုတ်ဝိပဿနာကျောင်းတိုက်တွင်လည်းကောင်း၊ ဘုမ္မော်ရပ်ကွက်မှ အိမ်ထောင်စု (၇)စု၊ လူဦးရေ(၃၃)ဦးအား ဓမ္မစကြာဘုန်းကြီးကျောင်းတွင် လည်းကောင်း၊ ပိန္နဲတော ရပ်ကွက်မှ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၅)ဦးအား ကရပ်ပြင်(မ)၊ ရွာလယ် ဇရပ်တွင် လည်းကောင်း၊ သပြေချောင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၄၅)ဦးအား အောင်စည်ဟိန်း ဘုန်းကြီးကျောင်းတွင် လည်းကောင်း စသည့် ကယ်ဆယ်ရေးစခန်းအသီးသီးသို့ ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊ ထားဝယ် မြို့အနေဖြင့် အန္တရာယ်ရှိသည့် အနေအထား မဖြစ်ပွားကြောင်း၊ ရေဖြူ၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်တို့တွင် အဓိကအနေဖြင့် လောင်းလုံးမြို့နယ်သည် လုံခြုံရေး အခြေအနေ အရ သွားရောက်ရန် ခက်ခဲသော နေရာဒေသဖြစ်သည့်အတွက် အစိုးရအဖွဲ့ သွားရောက်ရန် ကန့်သတ်ချက်များရှိပြီး မြို့နယ်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့များနှင့်ပေါင်းစပ်၍ ကူညီ ထောက်ပံ့ရေး လုပ်ငန်းများ၊ သောက်သုံးရေ၊ အစားအစာနှင့်ဆေးဝါးများကို ထိရောက်စွာ ထောက်ပံ့ ကူညီ ဆောင်ရွက်ပေးလျက်ရှ ိကြောင်း၊ လောင်းလုံးမြို့နယ်တွင် မိုးကြီး မြေပြိုမှုကြောင့် လူထိခိုက်မှုများရှိခဲ့ပြီး ကူညီဆောင်ရွက်နိုင်ရန်အတွက် စက်ယန္တရားများပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ရေဘေးသင့်ပြည်သူများအတွက်ဆန်၊ဆီ၊ကြက်ဥ၊ မားမားခေါက်ဆွဲ၊ ငါးသေတ္တာ စသည့် စားသောက်ကုန်(၅)မျိုး ရောက်ရှိပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေဘေး ကြုံတွေ့ရသည့် အိမ်ထောင်စု (၃၃၉၇)စုနှင့် လူဦးရေ (၁၈၇၁၂)ဦးရှိကြောင်း၊ ပြည်သူနှင့် လုပ်ငန်းရှင်များက ရေဘေးသင့် ပြည်သူများ အတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းလျက် ရှိပါကြောင်း၊ သဘာဝဘေး နှင့်ပတ်သက်၍ ကြိုတင် စီမံ ဆောင်ရွက်ထားမှုများ ရှိပါကြောင်း၊ တက်ရောက် လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် ပရဟိတ အဖွဲ့များနှင့် ပူးပေါင်း၍ အကောင်းဆုံး ဖြစ်အောင် အချိန်မီ ကူညီဆောင်ရွက် ပေးရန် လိုအပ်ပြီး ထပ်မံ ဆုံးရှုံးမှုများ မဖြစ်ပွားအောင် ကူညီ ကယ်ဆယ် သင့်သည်များကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် မိုးရာသီ မတိုင်မီ အချိန်ကတည်းက အကောင်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု များရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ထားရှိသော်လည်း မိုးကြီးချိန်နှင့် ဒီရေတက်သည့် အချိန် တိုက်ဆိုင်မှုကြောင့် ထွက်ရှိသော ရေပမာဏများသဖြင့် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများအလိုက် အကောင်းဆုံး အကြံဉာဏ်များ၊ ဆောင်ရွက်သင့်သည်များ၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အရာများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများ ဆွေးနွေးကြစေ လိုကြောင်း၊ ရေကြီးရေလျှံသည့် နေရာများသို့ စက်ယန္တရားများ မြေပြင်သို့ ရောက်ရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကို အကြောင်းပြုပြီး ဝိသမလောဘ စီးပွားရေးသမားများက အခွင့်ကောင်းယူ၍ ကုန်ဈေးနှုန်း ကြီးမြှင့်အောင် ဆောင်ရွက်လာနိုင်ကြောင်း၊ သက်ဆိုင်ရာ ဌာနများက လုပ်ငန်း ရှင်များနှင့်ညှိနှိုင်း၍ ကုန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ရေကြီးရေလျှံမှုနှင့် မလွတ် ကင်းသည့် ကျောင်းများကိုလည်း ခေတ္တ ပိတ်ထားရန် လိုအပ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကောင်းဆုံး ဖြစ်အောင် ကြိုးစား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း က တိုင်းဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ် ဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်း စဉ်များ အားရှင်းလင်းတင်ပြသည်။

ထို့နောက် အဖွဲ့ဝင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အလှူရှင်များ၏ ထောက်ပံ့ထားရှိမှု အခြေအနေများ၊ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရေဘေးသင့် ပြည်သူမျာအား ဆန်၊ ဆီ၊ ကြက်ဥ၊ မားမား ခေါက်ဆွဲ၊ ငါးသေတ္တာ စသည့် စားသောက်ကုန်(၅)မျိုး တစ်ပတ်စာ ထောက်ပံ့ထားရှိမှုအခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေး တင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။







